လူ(၁၅)ဦး သေဆုံးခဲ့သည့် မကွေးမြို့မှ KTV မီးလောင်မှု ဆိုင်ရှင် တိမ်းရှောင်နေ - Reader Myanmar

Latest Posts

လူ(၁၅)ဦး သေဆုံးခဲ့သည့် မကွေးမြို့မှ KTV မီးလောင်မှု ဆိုင်ရှင် တိမ်းရှောင်နေ





မကွေး ဧပြီ ၃

ဧပြီလ (၂) ရက်နေ့က မကွေးမြို့တွင် လူ(၁၅)ဦးသေဆုံးခဲ့ရသည့် KTV ဆိုင်မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဂက်စ်အိုး ပေါက်ကွဲခြင်းကြောင့် မဟုတ်ဘဲ မီးသုံးစွဲမှုများ၍ အပူလွန်ကဲရာမှ မီးလောင်ခြင်း ဖြစ်ကြောင်း ဧပြီလ (၃) ရက်နေ့တွင် စစ်ဆေးတွေ့ရှိရပြီး အဆိုပါ ဆိုင်၏ ပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
"ဂက်စ်ပေါက်ကွဲသံကြောင့် ဂက်စ်အိုးပေါက်ကွဲတယ်လို့ ယူဆခဲ့ကြပေမဲ့ မီးလောင်ရတဲ့အကြောင်းရင်းက မီးသုံးစွဲမှုများပြီး မီးပလပ်ခုံအပူလွန်ကဲရာက စတင်လောင်ကျွမ်းတာကို စစ်ဆေးတွေ့ရှိရပါတယ်"ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြင်သာရပ်ကွက် သစ္စာလမ်းနှင့် ၂၉ လမ်းထောင့်ရှိ ရွှေမြတ်မင်းသမီး KTV တွင် ဧပြီလ(၂)ရက် နေ့ည (၁၀)နာရီ (၈)မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့် မကွေးတိုင်းဒေသကြီး မီးသတ် ဦးစီးမှူး ဦးအောင်ဝင်းစိန် ဦးစီးသည့် မီးသတ်ယာဉ် (၇)စီး၊ ရေသယ်ယာဉ် (၂)စီး၊ ကမ္ဘောဇဖောင်ဒေးရှင်းမှ ရေသယ် ယာဉ် (၁) စီး၊ မင်းဘူးမြို့နယ် မီးသတ်ဦးစီးမှ မီးသတ်ယာဉ် (၂)စီး စုစုပေါင်း (၁၂) စီးဖြင့် ငြိမ်းသတ်ခဲ့ရာ ည(၁၀)နာရီ (၃၅)မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး(၄)ဦး သေဆုံးသည့် မီးလောင်မှုဖြစ်ပွားရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စစ်ဆေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
" KTV လိုင်စင်ရော ယစ်မျိုး လိုင်စင်ပါရှိပါတယ်။ အမျိုးသမီးတွေပါ ရှိနေမှုအပေါ် မှာတော့ စစ်ဆေးရဦးမှာ ဖြစ်ပါတယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။
အဆိုပါ အဆောက်အဦးအား ငှားရမ်း၍ KTV ဖွင့်လှစ်ထားသူ ဦးရဲညွှန့်မှာ ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်းအား မကွေးမြို့မရဲစခန်းတွင် (ပ)၁၉၁/၂၀၁၇ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - #ဖီးနစ်
Loading...