အမျိုးသမီးရင်သားများမှ သီချင်းဆိုပြဟန် ရင်သားကင်ဆာပညာပေးရုပ်သံ ဖေ့စ်ဘွတ်ခ် ပိတ်ပင် - Reader Myanmar

Latest Posts

အမျိုးသမီးရင်သားများမှ သီချင်းဆိုပြဟန် ရင်သားကင်ဆာပညာပေးရုပ်သံ ဖေ့စ်ဘွတ်ခ် ပိတ်ပင်






အမျိုးသမီးတွေရဲ့ ရင်သားတွေက သီချင်းဆိုပြပြီး ရင်သားကင်ဆာရောဂါဆိုင်ရာ ပညာပေးတဲ့ ကြော်ငြာရုပ်သံ ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်က ပိတ်ပင်တားမြစ်လိုက်ပါတယ်။

အဲဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ပါဝင်တဲ့ အမျိုးသမီးနို့သီးခေါင်းတွေနေရာမှာ လှုပ်ရှားနေတဲ့ နှုတ်ခမ်းပုံတွေနဲ့ အစားထိုးလိုက်ပြီး ပိတ်ပင်လိုက်တာပါ။

“လူတိုင်း ရင်သားတွေကို နှစ်သက်တယ်” လို့ အမည်ပေးထားတဲ့ ဒီရုပ်သံဗွီဒီယိုကို  ဖန်တီးသူက “လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နို့သီးခေါင်းတွေက တားမြစ်ထားတဲ့ပုံတွေ” ဖြစ်တဲ့အတွက် ရင်သားကင်ဆာရောဂါအကြောင်းကို သတိပြုမိအောင် အထောက်အကူ ပြုတဲ့အနေနဲ့ ဒီလိုလုပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ရင်သားကင်ဆာလှုပ်ရှားမှု ကူညီရေးအဖွဲ့ (မက်မာ) မှ ထုတ်လွှင့်ခဲ့တဲ့ ဒီရုပ်သံက အမျိုးသမီးနဲ့ အမျိုးသား ၂ ဦးစလုံးဟာ ရင်သားတွေကို နှစ်စဉ် စစ်ဆေးဖို့ အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ် အမှတ်တံဆိပ်တွေပါတဲ့ ညဝတ်အင်္ကျီဝတ်ဆင်ထားသူ အမျိုးသမီးပုံနဲ့ စတင်ခဲ့တာဖြစ်ပြီး “ရင်သားကင်ဆာရောဂါအကြောင်းကို သတိပြုဖို့ လိုအပ်တာတောင် လူမှုကွန်ရက်စာမျက်မှာတွေက နို့သီးခေါင်းပုံတွေကို တည်းဖြတ်ပိတ်ပင်နေတုန်းပဲ။ ဒါကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ဖို့ အချိန်ရောက်ပါပြီ” လို့ နောက်ခံဇာတ်လမ်းပြောသူ အမျိုးသမီးတဦးရဲ့ အသံနဲ့ ပြောထားတာကို ကြားရပါတယ်။

အဲဒီနောက် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အမျိုးသမီးက အင်္ကျီကို ဖယ်ရှားလိုက်ပြီး နို့သီးခေါင်းတွေအစား ရင်သားထိပ်မှာ လှုပ်ရှားသီချင်းဆိုနေတဲ့ နှုတ်ခမ်းတွေပါတဲ့ သူမရဲ့ ရင်သားတွေကို ပြသပါတယ်။

အဲဒီနောက် နှုတ်ခမ်းတွေက ရင်သားတွေရဲ့ မတူညီတဲ့ ပုံသဏ္ဌာန် အရွယ်အစားတွေနဲ့ ရင်သားတွေကို ချီးမွမ်းထားတဲ့ စာသားပါ သီချင်းတပုဒ်ကို စတင်သီဆိုပါတော့တယ်။

သီချင်းရဲ့ အလယ်ပိုဒ်မှာ “လူတိုင်း ရင်သားတွေကို နှစ်သက်ကြပေမယ့် ကင်ဆာကတော့ ငါတို့ကို မုန်းတယ်” ဆိုတဲ့ သီချင်းစာသားကို သီဆိုခဲ့ချိန်မှာတော့ ရင်သားကင်ဆာကြောင့် ရင်သားတဘက် ဖယ်ထုတ်ထားရတဲ့ အမျိုးသမီးတဦးရဲ့ မြင်ကွင်းကို တွေ့ရမှာပါ။

လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုသူပေါင်း ၁ သိန်း ၄ သောင်းကျော် ရှိနေခဲ့ပြီး အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်မှုတွေ မြင့်တက်နေတာပါ။
Loading...