သင်္ကြန် ပွဲတော်က မြန်မာတစ်နိုင်ငံအပြင် ဘယ်နိုင်ငံတွေမှာရော ကျင်းပကြသေးလဲ - Reader Myanmar

Latest Posts

သင်္ကြန် ပွဲတော်က မြန်မာတစ်နိုင်ငံအပြင် ဘယ်နိုင်ငံတွေမှာရော ကျင်းပကြသေးလဲ




Thingyan

ဧပြီလထဲ ဝင်ပြီဆိုတော့ သင်္ကြန်ပိုးလေးက တလှုပ်လှုပ်၊ တရွရွ ဖြစ်လာပြီပေါ့။ သင်္ကြန်သီချင်းသံတွေကလည်း လွင့်ပျံလာပြီလေ။ သင်္ကြန်လို့ ခေါ်တဲ့ ပွဲတော်က မြန်မာတစ်နိုင်ငံတည်းမှာ ရှိပေမယ့် ရေနဲ့ ဆော့ကစားရတဲ့ တခြားနာမည်တွေ ခေါ်ဆိုကြတဲ့ ပွဲတော်တွေကတော့ ကမ္ဘာတစ်ဝှမ်းမှာ အများအပြားရှိပါတယ် ခင်ဗျ။

ဒီပွဲတော်တွေကို ဘယ်နိုင်ငံတွေမှာ ဘယ်လို ဆင်နွှဲကြတယ်ဆိုတာကတော့…

၁။ Songkran

ရေပွဲတော်လို့ ပြောလိုက်တာနဲ့ လူတိုင်းကြားဖူးနိုင်တာ Songkran ပါ။ ဟုတ်ပါတယ်၊ Songkran ဟာ ထိုင်းနိုင်ငံရဲ့ ရိုးရာသင်္ကြန်ပွဲတော်ပါ။ ဧပြီလအလယ်လောက်မှာ ကျင်းပပြီး ဟိန္ဒူတွေရဲ့ ရိုးရာယဉ်ကျေးမှုကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ Songkran ဆိုတာ Sanskrit ဆိုတဲ့ စကားကလာပြီး ဒီနှစ်တော့ ၁၃ ဧပြီကနေစပြီး ၁၅ ဧပြီထိပါ။ မြန်မာတွေနဲ့ တူတဲ့ အချက်ကတော့ ဘုရားနဲ့ ဘုန်းကြီးကျောင်းတွေကို သွားပြီး လှူဖွယ်ပစ္စည်းတွေ ကပ်လှူတာ၊ ဗုဒ္ဓရုပ်ပွားတော်တွေကို ရေသပ္ပယ်တာတို့ကို သူတို့လည်း လုပ်ဆောင်တယ် ဆိုတာပါပဲ။

၂။ Thingyan

ဒါကတော့ ကျွန်တော်တို့ရဲ့ ချစ်စရာမဟာသင်္ကြန်ပါပဲဗျာ။ ရေပက်တာချင်းတူပေမယ့် ယိုးဒယားသင်္ကြန် Songkran နဲ့တော့ နည်းနည်းကွဲပါတယ်။ ရိုးရာယဉ်ကျေးမှုအရ အဘိုးအဘွားတွေကို ခေါင်းလျှော်၊ လက်သည်းညှပ်ပေးတာ၊ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ သာကူစတဲ့ ရိုးရာမုန့်တွေကို စတုဒီသာကျွေးတာ၊ ဘုန်းကြီးကျောင်းမှာ ဖြစ်ဖြစ် အိမ်မှာ ဖြစ်ဖြစ် ဥပုသ်စောင့်တာ စတာတွေကို လုပ်ဆောင်ကြသလို လူငယ်တွေနဲ့ ကလေးတွေကလည်း ရေပက်၊ ကားနဲ့လည်ရင်လည်၊ မဟုတ်ရင်လည်း မဏ္ဍပ်ထိုင်၊ အခုဆို EDM ရေစီးနဲ့ ရေပက်တဲ့ ခေတ်ကိုပါ ရောက်ရှိခဲ့ပါပြီ။

၃။ Dai Water Splashing Festival

ဒီပွဲတော်ကတော့ ပေါက်ဖော်ကြီးတို့ရဲ့ တရုတ်ပြည်က Dai လူမျိုးတွေရဲ့ အရေးကြီးပွဲတော်တစ်ခုပါ၊ Songkran နဲ့ ခပ်ဆင်ဆင်တူပြီး Dai Water Splashing Festival ဟာလည်း ဧပြီ ၁၃-၁၆ ရက်ထိ သုံးရက်ကြာ ဆင်နွှဲကြတာပါ၊  ပထမဆုံးနေ့မှာ ရွာသားတွေက အပြင်ထွက်ဈေးဝယ်ကြပါတယ်၊ ဒုတိယနေ့ရောက်ရင်တော့ Lancang မြစ်ထဲမှာ မီးအိမ်တွေ မျှောကြပြီး သူတို့ အခေါ်အရတော့ ဒါဟာ မကောင်းဆိုးဝါးတွေကို မောင်းထုတ်တယ်လို့ ခေါ်ပါတယ်။ ပွဲတော်တစ်ခုလုံးရဲ့ အထွဋ်အထိပ်ကတော့ တတိယနေ့မှာ ဖြစ်ပြီး ပါဝင်ဆင်နွှဲသူတွေဟာ သူတို့ရဲ့ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး ဘုရားကျောင်းတစ်ခုမှာ စုဝေးပြီး အပြန်အလှန်  ရေပက်ဖျန်းကြပါတော့တယ်။

၎။ Fiesta del Agua y del Jamon

ဒါကတော့ စပိန်နိုင်ငံတောင်ဘက်ပိုင်းမှာ ကျင်းပတဲ့ ပွဲတော်တစ်ခုပါ။ “ရေနဲ့ ဝက်ပေါင်ခြောက်” ပွဲတော်လို့လည်း ခေါ်တဲ့ စပိန်စကားနဲ့ “Fiesta del Agua y del Jamon” လို့ ခေါ်တဲ့ ပွဲတော်ဟာ Lanjaron ဆိုတဲ့ မြို့မှာ နှစ်စဉ် ၂၃ -၂၅ ရက် ဇွန်လမှာ ကျင်းပလေ့ရှိပြီးတော့ သူတော်စင် San Juan Batista (John the Baptist) အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ကြတာပါ။ ဇွန်လ ၂၃ ရက် ညလယ်နာရီ တစ်ချက်ထိုးတာနဲ့ အားလုံးဟာ လမ်းပေါ်ထွက်လာပြီး ရေသဘင်ပွဲ၊ ရေတိုက်ပွဲဆင်နွှဲကြပါတော့တယ်။ ပြီးတာနဲ့ ဘီယာတွေသောက်၊ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး ပါတီဆက်ပေးကြတာပါ။

၅။ Chaul Chnam Thmey

ဒါကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ နယူးရီးယားပွဲတော်ဖြစ်ပြီး ခမာနယူးရီးယားလို့လည်း ခေါ်ပါတယ်။ ပုံမှန်ဆို ဧပြီ ၁၃ – ၁၄ မှာ ကျလေ့ ရှိပြီး ဧပြီ ၁၆ ထိ ကျင်းပကြပါတယ်။ ယဉ်ကျေးမှုနီးစပ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အချင်းချင်း ဖြစ်တဲ့ အတွက် ပွဲတော်ကျင်းပပုံကတော့ Songkran တို့ ၊ သင်္ကြန်တို့နဲ့ အလားသဏ္ဍန်တူပါတယ်။ ဒါပေမယ့် ဒီပွဲတော်မှာတော့ စိတ်ဝိဥာဉ်သန့်စင်မှုနဲ့ ကောင်းမှုကုသိုလ်ပြုလုပ်ဖို့ကို ပိုဦးစားပေးပြီး တေးဂီတနဲ့ အကဖျော်ဖြေမှုတွေတော့ ပြုလုပ်ကြပါတယ်။ ပါဝင်ဆင်နွှဲတဲ့ သူတွေဟာ ဗုဒ္ဓရုပ်ပွားတော်နဲ့ ရဟန်းတွေကို ပရိတ်ရေ၊ အမွှေးနံ့သာရည်နဲ့ ပူဇော်ကြသလို သူတို့ကိုယ်သူတို့လည်း ပရိတ်ရေ၊ အမွှေးနံ့သာရည်တွေနဲ့ အချင်းချင်း ပက်ဖျန်းကြပါတယ်။

၆။ Vardavar

ဒါကတော့ အာမေးနီးယားနိုင်ငံ၊ အာမေးနီးယန်းလူမျိုးတွေရဲ့ ပွဲတော်တစ်ခုပါ။ ဒီပွဲတော်ဟာ ခရစ်ယာန်အယူအဆအရရော၊ Paganism ဆိုတဲ့ ဝါဒကရော ဆင်းသက်လာတာပါ။ သူတို့ရဲ့ ရိုးရာအရ အဲဒီအချိန်ကာလမှာ  Pagan Goddess Astghik ဟာ ကမ္ဘာမြေပေါ် အချစ်တွေ၊ နှင်းဆီနံ့သာရည်တွေ ပက်ဖျန်းပေးပြီး God Vahagn ကတော့ လူတွေကို ကာကွယ်စောင့်ရှောက်နေမယ်လို့ အယူရှိကြပါတယ်။ တခြားရေသဘင်ပွဲတော်တွေနဲ့ တူတာကတော့  Vardavar ပွဲတော်ရက်အတွင်း လူတွေဟာ လမ်းပေါ်ထွက်ပြီး ရေပက်ကြတာပါပဲ။ အဲ့ဒါအပြင် အာမေးနီးယန်းတွေဟာ ခိုတွေကို ဘေးမဲ့လွှတ်ပေးတဲ့ အစဉ်အလာလည်း ရှိတယ်ဗျ။ ကျွန်တော်တို့နဲ့ ဆင်တယ်နော်ဗျ။

ရိုးလူ (အခရာ)

Ref : Huffington Post

Credit : akhaya

Loading...