ဓာတုလက်နက် ကိစ္စနှင့် ပတ်သက်ပြီး ဆီးရီးယား လေတပ်စခန်းတစ်ခုကို အမေရိကန်က ဒုံးကျည်ဖြင့်တိုက်ခိုက် - Reader Myanmar

Latest Posts

ဓာတုလက်နက် ကိစ္စနှင့် ပတ်သက်ပြီး ဆီးရီးယား လေတပ်စခန်းတစ်ခုကို အမေရိကန်က ဒုံးကျည်ဖြင့်တိုက်ခိုက်





ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်က ဆီးရီးယားရှိ လေတပ်စခန်း တစ်ခုကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပင်တဂွန် စစ်ဌာနချုပ်က မြေထဲပင်လယ် အရှေ့ဘက်တွင် ရှိနေသည့် အမေရိကန် ဖျက်သင်္ဘောများသည် ဧပြီ ၇ ရက်က ဆီးရီးယား စံတော်ချိန် မနက် ၄း၄၀ နာရီတွင် Tomahawk ခရုစ်ဒုံးကျည် ၅၉ စင်းဖြင့် လှမ်းပစ်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။
ဆီးရီးယားတွင် သူပုန်များ ထိန်းချုပ်ထားရာ ဒေသဖြစ်သည့် အစ်ဒ်လစ်ဘ်၌ ဆီးရီးယား အစိုးရ လေတပ်က ဓာတုလက်နက် အသုံးပြုပြီး ဗုံးကြဲခဲ့သဖြင့် ကလေးငယ်များ အပါအဝင် အရပ်သား ၇၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ကြေညာခဲ့သည်။
ထရမ့်က ရုပ်မြင်သံကြားမှတဆင့် ကြေညာရာတွင် အမေရိကန်က ပစ်မှတ်ထား တိုက်ခိုက်သည့် လေတပ်စခန်းသည် ဓာတုလက်နက်ဖြင့် ဗုံးကြဲသည့် စစ်ဆင်ရေး စတင် အခြေပြုသည့် နေရာဟု ထောက်လှမ်း သိရှိထားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အသိဉာဏ် ဖွံ့ဖြိုးမှု မြင့်မားသည့် နိုင်ငံတိုင်းသည် ဆီးရီးယား ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်တန့်စေလိုသည့် ဆန္ဒရှိလိမ့်မည်ဟုလည်း ထရမ့်က ဆိုသည်။
တရုတ်သမ္မတ စီကျင်းပင်နှင့် တွေ့ဆုံဆွေးနွေးရန် ဖလော်ရီဒါသို့ ရောက်ရှိနေသည့် ထရမ့်က ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်ကို အာဏာရှင် တစ်ဦးဟု စွပ်စွဲခဲ့ပြီး အပြစ်မဲ့ ပြည်သူများကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်းသည် လူမဆန်သည့် လုပ်ရပ်ဟု ဝေဖန်ခဲ့သည်။
“အခုအချိန်ကစပြီး အသိဉာဏ် မြင့်မားဖွံ့ဖြိုးတဲ့ ကမ္ဘာ့နိုင်ငံ အားလုံးက ဆီးရီးယားမှာ ဖြစ်ပေါ်နေတဲ့ အခုလို သတ်ဖြတ်မှုတွေ၊ သွေးမြေကျမှုတွေ ရပ်တန့်သွားစေဖို့ ကူညီပူးပေါင်းကြပါ၊ ပုံစံပေါင်းစုံနဲ့ အကြမ်းဖက် တိုက်ခိုက်နေတာတွေကို တိုက်ဖျက်ပေးကြပါလို့ ကျုပ် တောင်းဆိုတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်သည် ဆီးရီးယား၏ မဟာမိတ် ရုရှားအစိုးရထံသို့ ယခုတိုက်ခိုက်မှု အစီအစဉ်ကို ကြိုတင် အသိပေးခဲ့ကြောင်း ပင်တဂွန်က ထုတ်ပြန်သည်။ ပင်တဂွန်၏ ဖော်ပြချက်အရ USS Rossနှင့် USS Porter သင်္ဘောနှစ်စီးသည် ရှေယတ် လေတပ်စခန်းရှိ သိုလှောင်ရုံများ၊ လက်နက်တိုက်များ၊ လေကြောင်းကာကွယ်ရေးစနစ်များနှင့် ရေဒါများကို ဖျက်ဆီးရန် ဒုံးကျည်မိုး ရွာစေခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ လေကြောင်း တိုက်ခိုက်မှုသည် ဆီးရီးယား အစိုးရ အနေဖြင့် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှုမျိုး နောက်တစ်ကြိမ် ကျူးလွန်နိုင်ခြင်း မရှိစေရန် ရည်ရွယ်ထားကြောင်းလည်း ပင်တဂွန်၏ ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
Ref: CNN

Loading...