သင်္ကြန် ရုံးပိတ်ရက် နှစ်စဉ် ၁၀ရက်ထားရှိရန် ထောင်ချီသော အလုပ်သမားများဆန္ဒထုတ်ဖော်

သင်္ကြန် ရုံးပိတ်ရက် နှစ်စဉ် ၁၀ရက်ထားရှိသွားရန် ထောင်ချီသော အလုပ်သမားများက မတ်၂၆ရက်တွင် မဟာဗန္ဒလ ပန်းခြံရှေ့၌ တောင်းဆိုဆန္ဒထုတ်ဖော် ခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM)က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အလုပ်သမားသမဂ္ဂအသီးသီးမှ ထောင်ချီသော အလုပ်သမားများတက်ရောက်ခဲ့ကြသည်။
"ဒီနေ့အဓိက တောင်းဆိုတာ ၂ချက်ပါ။ တစ်ချက်က သင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက်ကို နှစ်စဉ် ၁၀ရက်ဆက်တိုက်သတ်မှတ်ပေးဖို့၊ နောက်တချက်က အလုပ်သမားနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေချမယ်၊ ဥပဒေတွေသတ်မှတ်မယ် ဆိုရင်သုံးပွင့်ဆိုင်(အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား) အဖွဲ့အစည်း ကနေပြီးတော့ ဆွေးနွေးပြီးတော့မှ ဆုံးဖြတ်ပါလို့ ကျွန်တော်တို့ တောင်းဆိုပါတယ်"ဟု CTUMမှ အထွေထွေအတွင်းရေးမှူး ဦးသန်းလွင်က ပြောကြားခဲ့သည်။
ဆန္ဒထုတ်ဖော်ရာတွင် "သင်္ကြန် ရုံးပိတ်ရက် နှစ်စဉ် ၁ဝရက်ထားရှိရေး...ဒို့အရေး"၊ "အလုပ်သမား ရေးရာကိစ္စများတွင် အလုပ်သမား အဖွဲ့ချုပ်များပါဝင်ရေး...ဒို့အရေး"၊ "ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်နိုင်ရေး...ဒို့အရေး"၊ "အလုပ်သမား များ၏မူဝါဒ အလုပ်သမားများ ပါဝင်နိုင်ရေး...ဒို့အရေး"၊ "တစ်ယောက်သည် အများအတွက်...အများသည် တစ်ယောက်အတွက် အမြဲတမ်းသွေးစည်းညီညွတ်မည်" စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
မင်းထင်
News Watch

Loading...