သင်္ကြန်ကာလ ပြည်သူများ သတိပြုရမည့် အချက် ၁၂ ချက် ရဲတပ်ဖွဲ့ထုတ်ပြန် - Reader Myanmar

Latest Posts

သင်္ကြန်ကာလ ပြည်သူများ သတိပြုရမည့် အချက် ၁၂ ချက် ရဲတပ်ဖွဲ့ထုတ်ပြန်




သင်္ကြန်တွင်း သရုပ်ပျက်ဝတ်စားဆင်ယင်သော အမျိုးသမီးများကို အရေးယူမည်ဟုဆို



သင်္ကြန်ကာလ မှုခင်းများမဖြစ်ပွားစေရန် ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့် အချက် ၁၂ချက်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
‘‘သင်္ကြန်ကာလအတွင်းမှာ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်း ရေးလုပ်တယ်ဆိုတာပြည်သူလူ ထုကို ဖမ်းဆီးပြီးအချုပ်ထဲထည့် ချင်လို့မဟုတ်ပါဘူး။ ပြဿနာ ကြီးကြီးမားမားမဖြစ်အောင် ကာ ကွယ်တာပါ။ ရဲတပ်ဖွဲ့အနေနဲ့က ပြဿနာမဖြစ်အောင်တော့ ကာ ကွယ်မယ်။ သို့သော် ဆိုးဆိုးရွား ရွားဖြစ်လာမယ်ဆိုရင်တော့ ကျွန် တော်တို့ ဥပဒေနဲ့အရေးယူတာအ ကောင်းဆုံးဖြစ်ပါတယ်။ ၀န် ဆောင်မှုပေးတာထက် ကျော်လွန်သွားတာမှန်သမျှ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ရန်ကုန်တိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ပြည်သူများရှောင်ကြဉ်ရမည့်အချက် ၁၂ချက်တွင် အရက်သေစာလွန်ကဲစွာသောက် စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲ ခြင်း၊ တုတ်၊ ဓားလက်နက်များ သိုဝှက်ကိုင်ဆောင်ခြင်း၊ ကာမရာဂကို နိုးထစေသော ဆေးများ ရောင်းချခြင်းနှင့် ၀ယ်ယူသုံးစွဲခြင်းများ မပြုလုပ်ရန်အချက်များ ပါဝင်သည်။
ထို့အပြင် မြန်မာ့ယဉ်ကျေးမှု နှင့် မလျော်ညီသောဝတ်စားဆင် ယင်ခြင်း၊ အမျိုးသမီးများအနေ ဖြင့် ဆွေမျိုးသားချင်းမဟုတ်သူ များနှင့်အတူလည်ပတ်ခြင်း၊ ၎င်း တို့မှကျွေးသောအစားအသောက် များကို မချင့်မချိန်စားသုံးခြင်း၊အ ချိန်လွန်ရေကစားလည်ပတ်ခြင်း၊ ရေကစားပြီး နားနေချိန်၌ ဆိတ် ကွယ်ရာတွင် အနားယူခြင်းများ ရှောင်ရှားရန် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သင်္ကြန်တွင်း မဏ္ဍပ်ပေါ်တွင် ရေကစားနေသည့်အမျိုးသမီးများသာမက လည်ပတ်ရာ၌ အများပြည်သူများ အမြင်မသင့်လျော်သည့် ၀တ်စားဆင်ယင်မှုများဝတ်ဆင်ခြင်းတွေ့ရှိပါက ဥပဒေကြောင်းအရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးလှဝေက ဆိုသည်။
‘‘မိန်းကလေးတွေ သရုပ်ပျက်အဝတ်အစားတွေနဲ့ ပျော်ပါးမှုတွေ တွေ့ရင်ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမှာပါ။ ကိုယ့်မြန်မာလူမျိုးကျင်းပတဲ့ဟာကို သရုပ်ပျက်အဝတ်အစားတွေဝတ်ပြီး ရှင်းရှင်းပြောရရင်ယိုသူမရှက်မြင်သူရှက်ပေါ့။ အဲ့ဒါမျိုးတွေတွေ့ရင်အရေးယူသွားမှာပါ။ မဏ္ဍပ်ပေါ်မှာရှိနေတဲ့မိန်းကလေးတွေမှမဟုတ်ဘူး။ ကားနဲ့ဖြစ်ဖြစ်၊ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ် သင်္ကြန်လည်ပတ်တဲ့အခါ သရုပ်ပျက်ရင်အရေးယူမှာ’’ ဟု ၎င်းက ပြော သည်။ထို့အပြင် ယာဉ်မောင်းများအနေဖြင့်လည်း သင်္ကြန်တွင်း အရက်သေစာ သောက်စားကာ ၀န်ပိုများတင်ဆောင်၍ မောင်းနှင်ခြင်းနှင့် ရေကစားသူချင်းနောက်ပြောင်ကျီစယ်လွန်းခြင်း၊ အရက်သေစာသောက်စားကာ ရေကန်၊ ချောင်းများတွင် ရေဆင်းကူးခြင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီးအများအမြင်တွင် မတင့်တယ်သော မဖွယ်မရာပုံစံပြုလုပ်ထားသည့် ရေပက်ကိရိယာများနှင့် ရေပက်ကစားခြင်းများမပြုလုပ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
=============
7Day News Journal
http://www.7daydaily.com/story/92984
Loading...