ရေနီယာရီ ထုတ်ပယ်ခံရပြီးနောက် အသက်အန္တရယ် ခြိမ်းခြောက်ခံနေရကြောင်း ဗာဒီ ပြောကြား - Reader Myanmar

Latest Posts

ရေနီယာရီ ထုတ်ပယ်ခံရပြီးနောက် အသက်အန္တရယ် ခြိမ်းခြောက်ခံနေရကြောင်း ဗာဒီ ပြောကြား






သတင်းမှားတွေကြောင့် အခုလို အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းဖြစ်ကြောင်း ဗာဒီက ဆိုပါတယ်။
အင်္ဂလန်နဲ့ လက်စတာတိုက်စစ်မှူး ဗာဒီက နည်းပြရေနီယာနီ အထုတ်ခံပြီးနောက်ပိုင်း ၎င်းကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေ ခံခဲ့ရပြီး မိသားစုကိုလည်း ပစ်မှတ်ထား ခြိမ်းခြောက်ခံခဲ့ရကြောင်း ဖွင့်ဟပြောကြားပါတယ်။ နည်းပြရေနီယာနီ ထုတ်ပယ်ခံရမှုဟာ ၎င်းရဲ့ စွက်ဖက်ခြယ်လှယ်မှုကြောင့်လို့ စွပ်စွဲဖော်ပြခဲ့တဲ့ သတင်းမှားတွေကြောင့် အခုလို အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းဖြစ်ကြောင်း အသက် ၃၀ အရွယ် ဗာဒီက ဆိုပါတယ်။
ရေနီယာနီဟာ လက်စတာကို ယမန်နှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့ပြီးနောက် ၉ လအကြာမှာ ရာထူးမှထုတ်ပယ်ခံခဲ့ရပါတယ်။ ယခုနှစ် ပရီးမီးယားလိဂ်မှာ ရေနီယာနီကို မထုတ်ပယ်ခင်အထိ လက်စတာဟာ အမှတ်ပေးဇယား အဆင့် ၁၇ မှာ ရပ်တည်ကာ တန်းဆင်းဇုန်အတွင်း ရောက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
"ဆီဗီလာကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ပွဲအပြီး အသင်းပိုင်ရှင်နဲ့ ကစားသမားအချို့က ရေနီယာနီကိစ္စကို ဆွေးနွေးကြပြီး ကျွန်တော်လည်း ပါခဲ့တယ်လို့ သတင်းရေးထားတာ ဖတ်ရပါတယ်၊ အမှန်တစ်ကယ်က အဲဒီအချိန်မှာ ကျွန်တော်က တားမြစ်ဆေးစစ်ဖို့ သုံးနာရီလောက်ကြာအောင် စောင့်ဆိုင်းနေခဲ့ရတာပါ၊ ဒီသတင်းထွက်လာပြီး ကျွန်တော် ခြယ်လှယ်လို့ ရေနီယာနီ အထုတ်ခံရတာလို့ ဖြစ်ကုန်တယ်၊ အဲဒီနောက်ပိုင်း ကျွန်တော်ရော၊ ကျွန်တော့်မိသားစုနဲ့ ကလေးတွေကိုပါ သတ်မယ်လို့ ခြိမ်းခြောက်ခံရတာပဲ၊ ဒါဟာ ခြောက်ခြားစရာပဲဗျာ" လို့ ဗာဒီက ပြောပါတယ်။
နောက်ပိုင်းမှာ ရေနီယာနီရဲ့ နည်းပြနေရာကို ဆက်ခံခဲ့တဲ့ ခရိတ်ရှိတ်စပီးယားကလည်း ရေနီယာနီ ထုတ်ပယ်ခံရမှုဟာ ကစားသမားတစ်ဦးရဲ့ စွက်ဖက်မှုကြောင့်ဖြစ်ကြောင်း သတင်းတွေကို ပယ်ချခဲ့ပါတယ်။ လက်ရှိမှာ လက်စတာအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာ ရမှတ် ၃၀ ဖြင့် ရပ်တည်နေပြီး တန်းဆင်းဇုန်မှ လွတ်မြောက်နေခဲ့ပြီ ဖြစ်ပါတယ်။

Image may contain: 5 people, people smiling

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာလည်း ဆီဗီလာအသင်းကို အိမ်ကွင်းမှာ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားရာ ၂ ဂိုးပြတ် အနိုင်ရရှိပြီး နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လက်စတာက အသလက်တီကိုနဲ့ တွေ့ဆုံမှာဖြစ်ပြီး ဧပြီလ ၁၉ ရက်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Source & Photo: Sky Sports
#Duwun
Loading...