စတိုးဆိုင်ပိုင်ရှင်ကို ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုဖြင့် ထပ်မံ အရေးယူရန် ဆောင်ရွက် - Reader Myanmar

Latest Posts

စတိုးဆိုင်ပိုင်ရှင်ကို ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုဖြင့် ထပ်မံ အရေးယူရန် ဆောင်ရွက်






မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ စတိုးဆိုင်တစ်ဆိုင်တွင် ဆိုင်အကူ ကလေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် ဆိုင်ရှင် အမျိုးသမီးကို ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ အရေးယူပေးဖို့ လူမှုဝန်ထမ်း ဦးစီးဌာနက တရားရုံးမှာ ဦးတိုက် လျှောက်ထားတယ်၊ ဒါပေမဲ့ မှုခင်းဆေးစစ်ချက် အပြည့်အစုံ မရသေးလို့ တရားရုံးက ဦးတိုက် လျှောက်ထားမှုကို လက်မခံသေးဘူးလို့ သိရတယ်”ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ညှဉ်းပန်း နှိပ်စက်ခံရသည့် ဆိုင်အကူ ကလေးငယ်နှစ်ဦးမှာ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့တွင် နေထိုင်သူ အသက် ၁၀ နှစ်အရွယ် မိန်းကလေးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်တွင် နေထိုင်သည့် ၁၂ နှစ်အရွယ် မိန်းကလေးတို့ဖြစ်ပြီး တစ်လလျှင် လစာငွေ ကျပ်သုံးသောင်းဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်း၊ မုံရွာလမ်းရှိ အသက် ၄၀ အရွယ် ဒေါ်ဖြူဖြူထွန်း (ခ) ဒေါ်ငယ် ပိုင်သည့် ဆွေညီနောင် စတိုးဆိုင်တွင် အလုပ်သမားအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ယင်းကလေးငယ် နှစ်ဦးကို ဆိုင်ရှင်ဖြစ်သူက နေ့စဉ် ရိုက်နှက် နှိပ်စက်နေကြောင်းကို ဘေးပတ်ဝန်းကျင်မှတစ်ဆင့် ကြားသိခဲ့ရသူ ဦးတင့်လွင်က သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြား၍ မတ်လ ၁၃ ရက် နံနက်ပိုင်းက ဆိုင်အတွင်း ဝင်ရောက် စစ်ဆေးခဲ့ရာ ညိုမဲ ဖူးရောင်ဒဏ်ရာများဖြင့် ဆိုင်အကူကလေးငယ်နှစ်ဦးကို တွေ့ရှိခဲ့သည်။
ကလေးငယ်နှစ်ဦးကို သံတုတ်၊ ခါးပတ်တို့ဖြင့် ရိုက်ခြင်း၊ ခြေထောက်ဖြင့် ကန်ကြောက်ခြင်း၊ သံချောင်းကို မီးဖုတ်ပြီး ခန္ဓာကိုယ် အနှံ့သို့ တို့ခြင်း ပြုလုပ်ခဲ့သည့် ဆိုင်ရှင် အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် မင်္ဂလာဒုံမြို့မရဲစခန်း မှ (ပ) ၃၁၆/ ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၃၂၅/ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ် တစ်သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည့် ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်ပါ ထပ်မံ တရားစွဲဆိုနိုင်ရန် ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
The Voice
Loading...