ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်တစ်ခုတွင် တောင်ကိုရီးယားနိုင်ငံသူ မုဒိမ်းပြုကျင့်ခံရသည့်အမှု မှားယွင်းမှုအဖြစ် ပိတ်သိမ်းရန်စီစဉ်နေ - Reader Myanmar

Latest Posts

ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်တစ်ခုတွင် တောင်ကိုရီးယားနိုင်ငံသူ မုဒိမ်းပြုကျင့်ခံရသည့်အမှု မှားယွင်းမှုအဖြစ် ပိတ်သိမ်းရန်စီစဉ်နေ





မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်တစ်ခုတွင် ဇွန် ၁ ရက်က ဖြစ်ပွားခဲ့သည့် တောင်ကိုရီးယား နိုင်ငံသူတစ်ဦး မုဒိမ်းပြုကျင့်ခံရသည်ဟုဆိုကာ မှားယွင်းတိုင်ကြား ထားသည့်အမှုကို ပိတ်သိမ်းရန် စီစဉ်နေကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

မုဒိမ်းကျင့်ခံရသည်ဟုဆိုကာ အမှုဖွင့်ထားသည့် တောင်ကိုရီးယား နိုင်ငံသူ၏ မိန်းမကိုယ်မှ ထွက်ကျခဲ့သည့် ကွန်ဒုံးကို ရန်ကုန်မြို့ရှိ ဓာတုဗေဒမှုခင်းရဲတပ်ဖွဲ့သို့ ပို့ဆောင် စစ်ဆေးခဲ့ပြီးနောက် ထွက်ရှိလာသည့် အဖြေများအရ မှားယွင်းမှုဖြင့် အမှုပိတ်သိမ်းရန် စီစဉ်နေခြင်းဖြစ်သည်။

 “ဓာတုဗေဒ မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်ဆေးစာအရ ကွန်ဒုံးမှာ သုတ်ရည်၊ သုတ်ပိုး မတွေ့ရဘူး။ ကိုရီးယား အမျိုးသမီးရဲ့ ကိုယ်ကို စစ်ဆေးတဲ့အခါလည်း သူမရဲ့မိန်းမကိုယ်က လတ်တလော ဒဏ်ရာမတွေ့ရဘူး။ အဲဒါကြောင့် ခရိုင်ဥပဒေရုံးကိုတင်ပြီး မှားယွင်းမှုနဲ့ ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါ အမှုမှာ သာမန်အမှုဖြစ်သော်လည်း ကိုရီးယားသံရုံးနှင့် ပတ်သက်နေသည့်အတွက် ခရိုင်ဥပဒေရုံးတွင် တင်ပြပြီးနောက် ပိတ်သိမ်းနိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကိုလည်း ကိုရီးယားသံရုံး မှ ကျေနပ်မှုရှိကြောင်း အဆိုပါ ရဲအရာရှိထံမှ သိရသည်။

 မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ကိုရီးယားနိုင်ငံသူသည် ဇွန် ၁ ရက်နံနက်က ကျိုက်ထီးရိုး တောင်ပေါ်ရှိ ဟိုတယ်တစ်ခုတွင် အိပ်ရာမှနိုးလာပြီး ရေချိုးခန်းသို့သွားစဉ် ၎င်း၏မိန်းမကိုယ်မှ ကွန်ဒုံးထွက်ကျ လာသည်ကို ဟိုတယ်တွင် မုဒိမ်းပြုကျင့်ခံရသည်ဟု တိုင်ကြားခဲ့သောကြောင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ကင်ပွန်းချောင်း နယ်မြေရဲစခန်းမှ (ပ)၃၅/၂၀၁၆၊ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးခဲ့ရခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသူ၏ ထွက်ဆိုချက်အရ ၎င်းသည် မြန်မာနိုင်ငံသို့ မရောက်ခင် မေ ၂၅ ရက် က သူမ၏ချစ်သူနှင့် ထိုင်းနိုင်ငံတွင် အတူနေစဉ် ကွန်ဒုံးကိုအသုံးပြုခဲ့ခြင်း ဖြစ်ကြောင်းသိရကာ ဆေးပညာသဘောအရ မိန်းမကိုယ်အတွင်း ကွန်ဒုံးကျန်ရှိနေတတ်ပြီး ဓမ္မတာလာပါက ထွက်ကျလာတတ်ကြောင်း အမှုကိုစစ်ဆေးသည့် မှုခင်းဆရာဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

The Ladies News

Loading...