မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ခြိမ်းခြောက်ခံရ - Reader Myanmar

Latest Posts

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ခြိမ်းခြောက်ခံရ





မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်၎င်း၏ကိုယ်ရေးအရာရှိအား အသက်အန္တရာယ်ရှိနိုင်သည်အထိ ခြိမ်းခြောက်မှုများရှိနေကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကယခုလ ၂၀ရက်နေ့တွင်ပြောကြားလိုက်သည်။

ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိန့်ခွန်းပြောကြားရာ၌ ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 “လောလောဆယ်မကွေးတိုင်းမှာနာမည်ကြီးနေတာကတော့ ရေနံလက်ယက်တွင်းတွေကိစ္စ၊ ကျောက်မီးသွေးတွင်းတွေကို နယ်ကျူးပြီးတော့ တူးဖေါ်နေတဲ့ကိစ္စ၊စီးပွါးရေးသမားတွေရဲ့ လုပ်ဆောင်ချက်တွေကို တရားဥပဒေစိုးမိုးမှုရှိအောင် ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ မကွေးတိုင်း ဒေသကြီးရဲ့အခွန်အတုတ်တွေရအောင် ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေ ပါတယ်၊ အဲလို ဆောင်ရွက်နေတဲ့အတွက်လည်း ကျွန်တော် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ကျွန်တော့်ရဲ့ ကိုယ်ရေးအရာရှိကို အသက်အန္တရာယ် ရှိလောက်အောင် ခြိမ်းခြောက်ခံနေရပါတယ် ဆိုတာကို လည်းတင်ပြလိုပါတယ်”ဟု ၀န်ကြီးချုပ်မှ လွှတ်တော်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အနေဖြင့် ၄င်းနှင့် ကိုယ်ရေးအရာရှိဖြစ်သူကို မည်ကဲ့သို့ခြိမ်းခြောက်ခံရသည်ကို အဆိုပါမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပဲ လုပ်ဆောင်ရန်တာဝန်ရှိသည့် ကိစ္စများအား ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့သည်။

“မည်သို့ပင်ခြိမ်းခြောက်ခံရစေကာမူ ကျွန်တော်တို့သည် မကွေးတိုင်းဒေသကြီးရဲ့အခွန်အတုတ်တွေမှန် မှန်ရဖို့၊ပြည်ထောင်စုအေးချမ်းသာယာဖို့၊တရားဥပဒေရှိဖို့ကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ သူတို့ခြိမ်းခြောက်မှု တွေကို လုံးဝကိုအမှုမထားပဲနဲ့ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကို လည်းပဲ လွှတ်တော်ဥက္ကဌကြီးနဲ့တကွ ကိုယ်စားလှယ်တော်ကြီးများကို လေးစားစွာအသိပေး လိုပါ တယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့သည်။
ယခုလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ၀န်ကြီးချုပ်နှင့် ၄င်း၏ကိုယ်ရေးအရာရှိအား ကန့်ကွက်ဆန္ဒပြရန် လှုံ့ဆော် သည့်စာရွက်အချို့ကို မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံအနီးနှင့် ဗိုလ်ချုပ်လမ်းမ၀န်းကျင်၌ဒေသခံမျာက တွေ့ ရှိခဲ့ရသည်။ နိုင်ငံရေးစိတ်ဝင်စားသူများ၏ လူမှုကွန်ရက် Facebookစာမျက်နှာများတွင် ၄င်းစာများဖြင့် ပတ်သက်၍ ဝေဖန်မှုများရှိခဲ့သည်။ တိုင်းဒေသကြီးရဲ့တပ်ဖွဲ့အနေဖြင့် ၄င်းစာရွက်များတွေ့ရှိရမှုအပေါ် အရေးယူဆောင်ရွက်ထား ခြင်းမရှိသေးကြောင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှဆိုသည်။

“စာတွေကပစ်စာသဘောဖြစ်နေတယ်၊အဲဒီအတွက် ကျွန်တော်တို့ဘက်ကအရေးယူဆောင်ရွက်တာ မျိုးတော့ မရှိသေးပါဘူး”ဟုမကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူကဆိုသည်။ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ကို မြန်မာတိုင်း(မ်)က မေးမြန်းရာ “အိမ်ရှေ့မှာ လုံခြုံရေး အပြည့်ရှိပါတယ်၊။ ဂိတ်ဝမှာလည်းရဲတပ်သား ကင်းအစောင့်ရှိသလို အနီးကပ်လုံခြုံရေးကလည်း ဆယ်ယောက်ရှိပါတယ်”ဟု ၀န်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့သည်။

 ခြိမ်းခြောက်ခံရမှုဖြင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ယင်းကဲ့သို့ခြိမ်းခြောက်ခံရသည့် သတင်းရရှိထားခြင်းမရှိသေးကြောင်းနှင့် လွှတ်တော်တွင်ပြောကြား ခဲ့ခြင်းဖြစ်ခြင်းကြောင့် ၄င်းတို့သိရှိထားခြင်းမရှိသေးကြောင်းပြန်လည်ဖြေကြားသည်။ ၀န်ကြီးချုပ်၏ လုံခြုံရေးအား မကွေးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ယူထားသည်ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရှိရသည်။

Myanmar times
Loading...